ဝိပါက်တော် ( ၁၂ ) ပါး
ဝိပါက် ဟူသော စကားသည် ပါဠိဘာသာ ၀ိပါက မှ ဆင်းသက်လာ၏။
အဓိပ္ပါယ်မှာ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရား ဟု ဆိုလို၏။
ကုသိုလ်ကံအကျိုးကို ကုသလ၀ိပါက ဟုခေါ်၍ အကုသိုလ်ကံအကျိုးကို အကုသလ၀ိပါက ဟုခေါ်၏။
သုံးလောကထွတ်ထား ရှင်တော်ဂေါတမမြတ်စွာဘုရားအလောင်းတော် ဘ၀ပေါင်းများစွာထဲမှ အလွန်နုစဉ်ဘ၀များက ပြုလုပ်ခဲ့ဖူးသော အကုသိုလ်ကံ၏အကျိုးဆက်များ ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် ကိုယ်တော်တိုင် တွေ့ထိရသော ၀ိပါက်တော် (၁၂) ပါးကို
ဟောကြားတော်မူရခြင်းမှာ မြတ်ဘုရားကိုယ်တော်တောင်မှ ရှောင်လွှဲ၍မရနိုင်သော ကံ
ကံ၏အကျိုးဆက်ကို ပုထုဇဉ်များအနေဖြင့်မူ ဆိုဖွယ်ရာမရှိသောကြောင့်
မကောင်းမှုဟူသမျှကို ရှောင်၊ ကောင်းမှုဟူသမျှကို ဆောင်ကြစေလိုသော
သတ္တ၀ါများအပေါ် ထားရှိသော မဟာကရုဏာတော်ကြောင့်ပင် ဖြစ်ပါသည်။
ပထမ၀ိပါက်တော် – ဒုက္ကရစရိယာ ၆ နှစ် ကျင့်ရတော်မူခြင်း။
အကြောင်းမှာ ကဿပဘုရားရှင်သည် ဘုရားဖြစ်တော်မူကြောင်းကို ကြားသိရသော
ဂေါတမဘုရားအလောင်းတော် ဇောတိပလပုဏ္ဏားက ဗောဓိဉာဏ် (သမ္မာသဗ္ဗုတဉာဏ်) ရဖို့
အလွန့်အလွန်ခက်ခဲသည်ဟု ဘုရားရှင်၏ဂုဏ်ကို သေးသိမ်အောင်
ပြောဆိုပြစ်မှားမိခဲ့သည့် ထိုဝစီကံကြောင့် ဘုရားမဖြစ်မီ ဒုက္ကရစရိယာ (၆)
နှစ်တိုင်တိုင် အလွန်ပင်ပန်းစွာ ကျင့်ကြံတော်မူခဲ့ရ၏။
ဒုတိယ၀ိပါက်တော် – စိဉ္စမာနမိန်းမသည် ကိုယ်ဝန်သည်ယောင်ဆောင်ပြီး ဘုရားရှင်ကို စွပ်စွဲပြောဆိုခြင်း။
အကြောင်းမှာ အလောင်းတော် နုစဉ်အခါက ဗာရာဏသီပြည်တွင်
ဆင်းရဲသားအရက်သမားတစ်ဦးဖြစ်ခဲ့ဖူးပြီး တစ်နေ့သော ဆွမ်းခံရပ်နေသော
နန္ဒရဟန္တာမြတ်တစ်ပါးကို အရက်မူးပြီး ကာမဂုဏ်ခံစားသူ၊ အကျင့်သီလမရှိသူ၊
ယုတ်မာသောအကျင့်ရှိသူ ဟု ပြောဆိုခဲ့သည်။
ဤပြစ်မှားခဲ့သော အကုသိုလ်ကံကြောင့် သေလွန်သော် ငရဲမှာ နှစ် ၁၀၀၀၀
ကျရောက်ခံပြီး ငရဲလွတ်သောနောက် လူ့ဘ၀ နတ်ဘ၀အမျိုးမျိုးတွင်လည်း
သူတစ်ပါးတို့၏ မတရားစွပ်စွဲဆဲရေးမှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး နောက်ဆုံး
ဘုရားဖြစ်တော်မူသောအခါတွင် လူပုံအလယ်၌ စိဉ္စမာန၏ မတရားစွပ်စွဲပြောဆိုမှုနှင့်
တွေ့ကြုံခဲ့ရ၏။
တတိယ၀ိပါက်တော် – တိတ္ထိတို့၏ တပည့်မ သုန္ဒရီပုရပိုက်မ၏ စွပ်စွဲမှု။
အကြောင်းမှာ အလောင်းတော် နုစဉ်အခါက မုနာဠိအမည်ရှိ
အရက်သမားတစ်ဦးဖြစ်ခဲ့ဖူးပြီး တစ်နေ့မှာ ဆွမ်းခံကြွနေသော သုရဘိအမည်ရှိ
ပစ္စေကဗုဒ္ဓတစ်ပါးကို မိန်းမတွေနဲ့ပျော်ပါးလေ့ရှိသော အလဇ္ဇီဒုဿီလ
ဤရဟန်းမျိုးကို မပေးကြ မကမ်းကြနဲ့ ဟု ကဲ့ရဲ့ရှုတ်ချခဲ့လေသည်။
ဤအကုသိုလ်ကံကြောင့် အလောင်းတော်သည် အ၀ီစိငရဲသို့ ကျရောက်ခဲ့ပြီး
အ၀ီစိငရဲမှ လွတ်ပြီးနောက်မှာလည်း လူနတ်ဘ၀အမျိုးမျိုး၌ သူတစ်ပါးတို့၏
မတရားစွပ်စွဲကဲ့ရဲ့ရှုတ်ချမှုကို နောက်ဆုံးဘ၀ ဘုရားဖြစ်တော်မူသည်အထိ
စွပ်စွဲကဲ့ရဲ့ခံရလေသည်။
စတုတ္ထ၀ိပါက်တော် – တိတ္ထိတို့ သုန္ဒရီကိုသတ်ပြီး ဇေတ၀န်ကျောင်းတော်အနီး၌ပစ်ထားပြီး ဘုရားရှင်နဲ့ ရဟန်းတော်များကို စွပ်စွဲခြင်း။
အကြောင်းမှာ ဘုရားလောင်းသည် တစ်ခါက ပုဏ္ဏားဗေဒင်ဆရာဖြစ်ခဲ့သည် ။
တပည့်ငါးရာတွေကို ဗေဒင်သင်ပေးနေစဉ် အဘိဉာဏ်ရှိသော ရသေ့သည် ဘေးနားက
ဖြတ်လျှောက်နေသည်ကို ဘုရားလောင်းပုဏ္ဏားက ကာမဂုဏ်ခံစားသူ၊ အကျင့်သီလမရှိသူ၊
ယုတ်မာသောအကျင့်ရှိသူ ဟု စွပ်စွဲပြီး တပည့်ငါးရာတွေကိုလည်း
လိုက်ပြောခိုင်းခဲ့ခြင်းသော်ကြောင့် ဖြစ်သည်။ ထို့ပြင် ထိုတပည့်တွေကလည်း
အရပ်တွေထဲမှာ ရသေ့မကောင်းကြောင်းကို ပြောခဲ့ခြင်း ဖြစ်သည်။
ပဉ္စ၀ိပါက်တော် – ၀ိဇ္ဈကုဋ်တော်ပေဓမှ ရှင်ဒေ၀ဒတ် တောင်ပေါ်မှ ကျောက်မောင်းဆင်၍ ထုချလိုက်ရာ ဘုရားရှင်၏ ခြေမတော် ကျောက်လွှာထိမှန်ခြင်း။
အကြောင်းမှာ အလောင်းတော် နုစဉ်အခါက သူဋ္ဌေးသားတစ်ဦးဖြစ်ခဲ့ဖူးရာ
မိဘနှစ်ပါးဆုံးပါးသွားသောအခါ အဖေတူ အမေကွဲ ညီငယ်ကိုအမွေခွဲ မပေးလိုသဖြင့်
ညီငယ်ကို အယုံသွင်းပြီး ချောက်ထဲကို ပစ်ချ၍ ကျောက်တုံးကြီးများဖြင့်
ပိသတ်ခဲ့လေသည်။
ဤအကုသိုလ်ကံကြောင့် အလောင်းတော်သည် ငရဲကျကာ ငရဲလွတ်သောအခါတွင်လည်း ဘ၀များစွာ သူတစ်ပါး၏အသတ်အဖြတ်ကို ခံရ၏။
ဆဋ္ဌမ၀ိပါက်တော် – ဘုရားခြေမတော် သွေးစိမ်းတည်ခဲ့ရခြင်း။
အကြောင်းမှာ ဘုရားအလောင်း နုစဉ်အခါက မထင်ရှားသောကလေးတစ်ဦးဖြစ်ခဲ့စဉ်က
ဆွမ်းခံကြွလာသော ရှင်ပစ္စေဗုဒ္ဓါတစ်ပါးကို ခဲဖြင့်ပစ်ပေါက်လိုက်ရာ
ရှင်ပစ္စေဗုဒ္ဓါ၏ ခြေမတော်ကို ထိမှန်ပြီး သွေးစိမ်းတည်ကာ
သွေးထွက်သံယိုဖြစ်ခဲ့ဖူးသော်ကြောင့် ဖြစ်သည်။
သတ္တမ၀ိပါက်တော် – ရှင်ဒေ၀ဒတ်၏ နာဠာဂီရိဆင်ဖြင့် တိုက်ခြင်းကို ခံတော်မူခြင်း။
အကြောင်းမှာ ဘုရားအလောင်း နုစဉ်အခါက ဆင်ထိန်းတစ်ဦးဖြစ်ခဲ့စဉ်က
မုနိပစ္စေဗုဒ္ဓါတစ်ပါးကို လမ်းမဖယ်ပေးဘဲ မိမိစီးလာသောဆင်ဖြင့် ခြိမ်းခြောက်
တိုက်ခဲ့ဖူးခြင်းကြောင့် ဖြစ်၏။
အဋ္ဌမ၀ိပါက်တော် – ဘုရားရှင်ခြေမတော်
သွေးစိမ်းတည်ကာ သွေးပုပ်ပြည်ပုပ်များကြောင့် နာကျင်ကိုက်ခဲတော်မူရာ
သမားတော်ကြီးဇီဝက၏ဓားဖြင့် ခွဲစိတ်ကုသခံရခြင်း။
အကြောင်းမှာ ဘုရားအလောင်း နုစဉ်ဘ၀ ပတ္တိကမင်းတစ်ပါး ဖြစ်ခဲ့စဉ်က
တိုင်းခန်းလှည့်လည်ရာတွင် တွေ့ရာလူတွေကို စိတ်ထင်ရာ
လှံဖြင့်သော်လည်းကောင်း၊ ဓါးဖြင့်သော်လည်းကောင်း သတ်ခဲ့ဖူးခြင်းကြောင့်
ဖြစ်၏။
န၀မ၀ိပါက်တော် – ဘုရားရှင်သည် တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားတော်မူခြင်း။
အကြောင်းမှာ ဘုရားအလောင်း နုစဉ်ဘ၀ တံငါမျိုးဖြစ်ခဲ့စဉ်က
တစ်ရွာလုံးတံငါသည်များဖြစ်ပြီး တံငါသည်များ ငါးများကို ထုသတ်နေပြီး
ငါးများတလူးလူးဖြစ်နေတာကို တွေ့မြင်ရစဉ် ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ဖူး၏။
ဤအကုသိုလ်ကံကြောင့် သေလွန်သော် ငရဲကျရောက်ခံပြီး ငရဲမှလွတ်သော်လည်း
ဘ၀ပေါင်းများစွာ ခေါင်းကိုက်ခြင်းဝေဒနာကို ဘ၀ဆက်တိုင်း ခံစားခဲ့ရပေ၏။
ဒဿမ၀ိပါက်တော် – ဝေရဉ္စာပြည်အနီးမှာ
ဘုရားရှင်နှင့် ရဟန်းငါးရာဝါဆိုနေစဉ် တစ်ဝါလုံး မုယော(ဂျုံ) ဆွမ်းကြမ်းကို
သာ ဆွမ်းဘုဉ်းပေးတော်မူရခြင်း။
အကြောင်းမှာ ဘုရားအလောင်း နုစဉ်အခါက မထင်ရှားသော
အမျိုးသားတစ်ဦးဖြစ်စဉ် ရဟန်းများ ဆွမ်းစားနေကြသည်ကိုမြင်လျှင် အဆင်မပြေ
အချိုးမကျတဲ့ အချောင်သမားကတုံးတွေဟာ သလေးဆွမ်းလို
ကောင်းမွန်နူးညံ့တဲ့ဆွမ်းနဲ့ မတော်ပါဘူး။ မုယောဆွမ်းနဲ့ပဲ ထိုက်တန်ပါတယ်
စသဖြင့် စွပ်စွဲရှုတ်ချခဲ့ဖူးတယ်။
ဧကာဒဿမ၀ိပါက်တော် – ဗုဒ္ဓသည် ရံဖန်ရံခါ ခါးတော်ကိုက်ခဲမူ ဝေဒနာခံစားတော်မူရခြင်း။
အကြောင်းမှာ ဘုရားအလောင်း နုစဉ်အခါက လက်ဝှေ့ကျော်တစ်ဦးဖြစ်ခဲ့စဉ်က
စိမ်ခေါ်သူပြိုင်ဘက် လက်ဝှေ့သမားတို့ကို အမြဲတမ်းဆိုသလို ခါးရိုးကျိုးအောင်
ထိုးသတ်ပြီးအနိုင်ယူခဲ့သောကြောင့် ဖြစ်၏။
ဒွာဒဿမ၀ိပါက်တော် – ဗုဒ္ဓ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တွင်း၌ ၀မ်းတော်လားရခြင်း။
အကြောင်းမှာ ဘုရားအလောင်း နုစဉ်အခါက ကျွမ်းကျင်လိမ္မာသော
ဆေးဆရာတစ်ဦးဖြစ်စဉ်က သူဋ္ဌေးသားတစ်ယောက်ကို ၀မ်းရောဂါပျောက်အောင်
ကုသပေးသော်လည်း သူဋ္ဌေးသားက ဆေးဖိုးဝါးခ မပေးချင်၍ ဘုရားလောင်းဆေးဆရာသည်
ဝမ်းလျာဆေးကို လိမ်ညာ၍တိုက်ခဲ့လေသည်။
No comments:
Post a Comment