တစ်စုံတစ်ယောက် ကွယ်လွန်ပြီးနောက် အလောင်းကို သရဏဂုံတင်မှုဟာ
ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံတစ်ခု ဖြစ်နေပါပြီ။ ဘယ်လောက်ပဲ ဆင်းရဲ
နွမ်းပါးပါစေ၊ ကျန်ခဲ့သူမိသားစုတွေက သရဏဂုံတင်ဖြစ်အောင်
ကြိုးစားတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အလောင်းကို သရဏဂုံတင်ခွင့်
မရလိုက်ကြတဲ့ အခါမျိုးမှာ အင်မတန်ဝမ်းနည်း ပက်လက် ဖြစ်တတ်ရပါတယ်။
တကယ်တော့ တစ်ဦးတစ်ယောက် ကွယ်လွန်တဲ့အခါ အသက်ရှင်စဉ်က
သရဏဂုံယူထားခဲ့ရင်လည်း ပျက်ပျယ်သွားပါပြီ။ အလောင်းကောင်က ဘာမှ မသိနိုင်
မဆိုနိုင်တဲ့ အတွက် သရဏဂုံတင်ပေးပေမယ့် သရဏဂုံ မရနိုင်တော့ပါဘူး။ ဒါပေမယ့်
ကွယ်လွန်သူဟာ ပြိတ္တာအုပ်စုမှာ ပါဝင်တဲ့ တစ္ဆေ၊ သရဲ၊ မှင်စာ၊ နတ်စိမ်း
စတဲ့ဘ၀မျိုးကို ရောက်နေခဲ့ရင် သရဏဂုံယူနိုင် ဆောက်တည်နိုင်ပါတယ်။
ဒါကြောင့်
-
တကယ်လို့များ ဒီလိုဘ၀မျိုး ရောက်နေခဲ့ရင် သရဏဂုံဆောက်တည်နိုင်ပါပြီ။
သရဏဂုံနှင့်စပ်တဲ့ အကျိုးတွေကို ခံစားနိုင်ပါစေ..ဆိုတဲ့ ရည်ရွယ်ချက်။
-
အနီးအနားမှာရှိတဲ့ အခြား တစ္ဆေ၊သရဲစတဲ့ သရဏဂုံယူနိုင်သူတွေလည်း
သရဏဂုံခံယူဆောက်တည်ပြီး သရဏဂုံနှင့်စပ်တဲ့ အကျိုးတွေကို
ခံစားနိုင်ပါစေ..ဆိုတဲ့ ရည်ရွယ်ချက်။
-
လက်ရှိဘ၀ ကျန်ရစ်သူ မိသားစု ဆွေမျိုး မိတ်ဆွေအပေါင်းအသင်းများလည်း
သရဏဂုံဆောက်တည်ပြီး သရဏဂုံနှင့်စပ်တဲ့ အကျိုးထူး တွေကို ရရှိ
နိုင်ပါစေ..ဆိုတဲ့ ရည်ရွယ်ချက်။
ဒီလို မွန်မြတ်သန့်စင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အလောင်းကို သရဏဂုံတင်ကြခြင်း ဖြစ်ပါတယ်။
သီလခံယူတဲ့နေရာမှာ သရဏဂုံနှင့်ပတ်သတ်၍ …
လောကီသရဏဂုံဟာ
ပျက်နိုင်၊ ညစ်နွမ်းနိုင်တဲ့သဘော ရှိပါတယ်။ ပုထုဇဉ်တွေ ဆောက်တည်တဲ့
သရဏဂုံဟာ လောကီသရဏဂုံ ဖြစ်ပါတယ်။ ပျက်နိုင်၊ ညစ်နွမ်းနိုင်တာကြောင့်
စိတ်မချရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘုရားရှိခိုးတိုင်း သီလခံယူတိုင်း
သရဏဂုံကိုပါ ခံယူခြင်းဟာ တကယ်လို့ ပျက်သွားရင်လည်း အသစ်ယူပြီးဖြစ်အောင်
ကျိုးနွမ်းနေရင်လည်း သန့်ရှင်းစင်ကြယ်သွားအောင် မပျက်မညှိုး
ပင်ကိုယ်အတိုင်း ရှိနေခဲ့ရင်လည်း မြဲရာသံပတ်ဆိုတဲ့ စကားအတိုင်း
ပင်ကိုယ်ခိုင်မြဲနေတဲ့ သရဏဂုံကိုပိုပြီး ခိုင်မြဲအောင်
လုပ်တဲ့သဘောဖြစ်ပါတယ်။
နောက်တစ်ခုက =
ဘယ်အရာမှာပဲဖြစ်စေ အလေ့အကျင့်များခြင်းဟာ အလုပ်လုပ်တဲ့အခါ ပိုပြီး
လွယ်ကူမြန်ဆန်မှု ရှိတတ်ပါတယ်။ တစ်ကြိမ်တစ်ခါ သရဏဂုံယူထားတာနဲ့ ပျက်မသွား၊
ညှိုးမသွားအောင် ထိန်းသိမ်းနိုင်တယ်ထားအုံးတော့ – ဘာသာရေး၊ လူမှုရေး၊
စီးပွားရေး၊ သားသမီးစတဲ့ အရေးပေါင်းများစွာ ပတ်လည်ဝိုင်းနေတဲ့ လူ့လောကမှာ
သရဏဂုံကို မေ့လျော့နေတတ်ပါတယ်။ ဒီတော့ ဘုရားဝတ်တည့်တိုင်း သီလခံယူတိုင်း
သရဏဂုံခံယူခြင်းဟာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃဂုဏ်တော် တွေကို
အာရုံပြုပြီး ဖြစ်တာမို့ စိတ်ထဲမှာ အလေ့အကျင့်တစ်ခု၊ အထုံတစ်ခု
ဖြစ်လာပါတယ်။ ဒီလိုအထုံ ရနိုင်မှုဟာ – သွားလာရင်း၊ ရောင်းဝယ်ရင်း၊
အလုပ်လုပ်ကိုင်ရင်း ဘုရား၊တရား၊သံဃာ ဂုဏ်တော်တွေကို အလွယ်တကူ
အာရုံပြုနိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါဟာ လောကအလည်မှာ ဣနြေ္ဒရရ၊
သိက္ခာရှိရှိ အလေ့အကျင့်ကောင်း ဖြစ်ပါတယ်။
တကယ်လို့
ကွယ်လွန်ခါနီးမှာ၊ လောဘအာရုံ၊ ဒေါသအာရုံ၊ မောဟအာရုံ စတဲ့ မကောင်းတဲ့
အာရုံတွေနဲ့ ကြုံတွေ့ရရင်လည်း အလွယ်တကူ ကျော်လွှားပြီး သရဏဂုံအာရုံနှင့်
ဘ၀ကူးနိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။
ဒီလို
မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေနှင့် ဘုရားရှိခိုးတိုင်း၊ သီလခံယူတိုင်း၊
သရဏဂုံကိုပါ ခံယူဆောက်တည်တဲ့ အလေ့အကျင့်ကို ရှေးရှေးကတည်းက
ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ ။
အရှင်နန္ဒသေနာလင်္ကာရ – ဘာသာရေးအနှစ်သာရများ စာအုပ်မှ…
No comments:
Post a Comment